ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဒဂုံတောင် စက်တင်ဘာ ၁၉

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ‌ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၅၇ ရပ်ကွက်၊ နောင်ရိုးလမ်းရှိ အမှတ်(၉) အခြေခံပညာ အလယ်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပြုလုပ်သည်။

ရှေးဦးစွာ အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူခိုင်ဇာလွင်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်နှင့်အချိန်ခေါင်းစဉ်ဖြင့် လူငယ်လူရွယ်များအနေဖြင့် အချိန်ကို စနစ်တကျစီမံခန့်ခွဲ၍ အကျိုးရှိစွာအသုံးချတတ်စေရန်များ ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က စာဖတ်ခြင်းအကျိုးကျေးဇူးများ ဟောပြောဆွေးနွေးရာတွင် စာဖတ်ခြင်းသုံးမျိုး၊ စာပေသုံးမျိုးနှင့် စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများအား လက်တွေ့လောကတွင် အောင်မြင်သော‌ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများအကြောင်းကို သာဓကပြ၍ အကျယ်တဝင့်ဟောပြော‌ ဆွေး‌နွေးသည်။

ထို့နောက် တက်ရောက်လာသော အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား‌သော သုတ/ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။ 

နေမျိုးအောင်