ကျိုင်းတုံ စက်တင်ဘာ ၁၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကို စက်တင်ဘာ ၁၈ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် အားကစားကွင်း၊ ကျိုင်းတုံမြို့၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများက ကာယလေ့ကျင့်ခန်း အတွဲ(၃၊၄) နှင့် Fitness Exercises သရုပ်ပြမှု၊ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့် ပွဲစဉ်ဖြစ်သည့် ကျိုင်းတုံမြို့နယ် ကိုယ်စားပြုအသင်းနှင့် တာချီလိတ်မြို့နယ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ဘောလုံး၊ ဘော်လီဘော၊ ပြေး၊ ခုန်၊ ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ ကြက်တောင် အားကစားနည်းများကို စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)