ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသော  ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် စက်တင်ဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာမှ တောင်သူ အများအနေဖြင့် ယာမြေအများစုပိုင်ဆိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပန်းလောင်၊ စမုံမြစ်ရေများ၊ မိုးရေနှင့်မြေအောက်(အဝီစိ)ရေများကိုအဓိကထားပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် တောင်သူဦးယဉ်မင်းထွန်းစိုက်ပျိုးထားသော ပဲမြစ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပဲမြစ်စိုက်ပျိုးခြင်းများနှင့်ပတ်သက်၍  ပဲမြစ်သီးနှံသည် မိုးရာသီတွင်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးပြီး လေးလအကျော် ဆောင်းတွင်းကာလအေးသည့်ရာသီ၌ တူးဖော်ရောင်းချရကြောင်း၊  ပဲမြစ်သည် ပြုတ်စားရသည့် အညာဒေသ၏ ရာသီအစားအစာတစ်မျိုးဖြစ်ပြီး မိသားစုစကားဝိုင်း၊ အလှူ မင်္ဂလာပွဲများတွင်လည်း ဧည့်ခံမုန့်အဖြစ် ထည့်သွင်းဧည်ခံကြကြောင်း၊ ပဲမြစ်စိုက်ပျိုးမည်ဆိုပါက ထယ်ရေးညက်ညက်ဖြင့် မြေကိုကောင်းမွန်စွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ မျိုးရွေးချယ်မှုသည်  အရေးကြီးကြောင်း မျိုးရွေးချယ်မှုမှန်ကန်မှသာ ပဲမြစ်အထွက်နှုန်းမွန်ကောင်းကြောင်း၊ တစ်ဧက စိုက်ပျိုးမည်ဆိုပါ မျိုးစေ့တစ်တင်း အသုံးပြုရကြောင်း ပဲမြစ်စိုက်ပျိုးသူများထံမှ သိရသည်။

တစ်ဧကအထွက်နှုန်းအနေဖြင့် ရာသီဥတုနှင့် မျိုးရွေးချယ်မှုမှန်ကန်ပါက ပိဿာ ၉၀၀ မှ ပိဿာ ၁၀၀၀ အထိထွက်ရှိပြီး ယခင်နှစ်က ရောင်းဈေးအနေဖြင့် တစ်ပိသာငွေကျပ် ၁၁၀၀ မှ ၁၄၀၀  အထိရောင်းချရသဖြင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ပြီး အကျိုးအမြတ်များသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)