ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားစာပေဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် ပြုလုပ်သည်။
ဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်(၃)၊ ဒေါ်မိုးမိုးဦးက ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ အောင်သင်း၏ “ကလေး၊ လူငယ်၊ လူကြီးနှင့် စာပေ” စာအုပ်ထဲမှ “ကလေး၊ လူငယ်၊ လူကြီးနှင့် စာပေ” ခေါင်းစဉ်ပါ စာအကြောင်းအရာဖြင့် စာကြည့်တိုက်လက်ထောက် (၃) ဒေါ်မိုးမိုးဦးက ဦးဆောင်ဆွေးနွေးပြီး၊ အဆိုပါစာအုပ်ထဲမှ “လုပ်ချင်တာလုပ်၊ လုပ်သင့်တာတော့ ပြီးအောင်လုပ်” ခေါင်းစဥ်ပါအကြောင်းအရာများကို Grade-10 ကျောင်းသူ မချစ်စနိုးဦးနှင့် မမိုးပြည့်ပြည့်စံတို့ကလည်းကောင်း မိမိတို့နှစ်သက်သည့် ခေါင်းစဥ်ပါစာအကြောင်းအရာများကို အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာရေးဆရာ အောင်သင်း၏ “ကလေး၊ လူငယ်၊ လူကြီးနှင့် စာပေ” စာအုပ်ထဲမှ ဖော်ပြပါခေါင်းစဥ်တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် “ဘဝမှာလူထက်ပိုပြီး တန်ဖိုးရှိတာ ဘာမှမရှိကြောင်း၊ ကလေးတွေကို ကောင်းကောင်းပျိုးထောင်ပေးသည့်အခါ ကလေးတွေက ကလေးကောင်းဖြစ်လာလို့ရှိရင် ကောင်းသောလူငယ်ဖြစ်ပြီး၊ ကောင်းသောလူငယ်ဖြစ်လို့ရှိရင်၊ ကောင်းသောလူကြီးဖြစ်လာဖို့ သိပ်လွယ်ကူကြောင်း စသည်ဖြင့် စာပေမှတဆင့် ဗဟုသုတများစွာရရှိပါကြောင်း စာဖတ်သူများအနေဖြင့် သုံးသပ်သိရှိရကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)