တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  ယမန်နေ့နံနက် (၁၀) နာရီအချိန်က တံတားမြို့အတွင်းရှိ တာပကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်း  သို့သွားရောက်၍  နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး   တိုးတက်လာစေရန်၊ စာပေ ဗဟုသုတများစွာသိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့်  ရင်းနှီးကျွမ်းဝင်မှု ရှိပြီးစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်‌စေရန်၊ စာအုပ်စာပေလေ့လာခြင်းဖြင့် အသိပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာနိုင်‌စေရန်၊ စာပေ၏အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)