လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်

လှိုင် စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ(၁၇)ရက်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ သီရိလမ်း၊ သီရိမင်္ဂလာကန်တော်ဆွမ်းလောင်းအသင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းနိုင်က “မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုပြီး မဲပေးသည့် အဆင့်အဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် ပယ်မဲမဖြစ်ပွားစေရန်နှင့် မဲပေးနိုင်ရေးပြင်ဆင်ထားသည့် အခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးသည့် အကျိုးကျေးဇူးများ အကြောင်းကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်း (၂၀၉၄)ဦး စမ်းသပ်မဲပေးခဲ့ကြောင်း  သိရသည်။

 ဇော်ဇော်နိုင်(ပြန်/ဆက်)