သုံးခွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ရပ်ကွက်၊ ကျေးရွာများအထိ ဆက်လက်ဆောင်ရွက်

သုံးခွ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ညောင်နီကျေးရွာအုပ်စုနှင့် ရွာသစ်ကျေးရွာအုပ်စုတို့ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)၏ လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များရရှိနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေညာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အဆိုပါကျေးရွာ အုပ်စုရှိမဲဆန္ဒရှင်ပြည်သူ (၁၈၅၅) ဦးတို့က လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။

စည်သူလင်း