ရန်ကုန် စက်တင်ဘာ ၁၉
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကဦးဆောင်၍ တရားမဝင်ပြည်ပထွက်ခွာအလုပ်သမားများ လျှော့ချနိုင်ရေး၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ တိုင်းရင်းသားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေးနည်းလမ်းများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက်၉နာရီခွဲတွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီတွင် ဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီ၏လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တရားမဝင်ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်နှင့်အလုပ်ရှင်များဘက်မှ ဆောင်ရွက်ပေးရမည့်ကဏ္ဍများ၊ လုပ်ငန်းခွင်တွင် ကျွမ်းကျင်အလုပ်သမားများရှားပါးလာမှု၊ အခြေခံအလုပ်သမားများ၏လူမှုဖူလုံရေး၊ လုပ်ငန်းခွင်သက်သာချောင်ချိရေးနှင့်ပတ်သက်ပြီး အစိုးရနှင့် လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တိုင်းရင်းသားဒေသများမှရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာလာသော ထိခိုက်လွယ်အုပ်စုများအတွက် သင့်လျော်သောအလုပ်အကိုင်များ ရရှိနိုင်ရေးအတွက် သင်တန်းများပေးခြင်းအပြင် အလုပ်အကိုင်ဖန်တီးနိုင်ရေးနည်းလမ်းများနှင့်ပတ်သက်၍ အစိုးရနှင့်သက်ဆိုင်ရာ လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များကို သိရှိလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်များဘက်မှ တင်ပြလာသည့်အချက်အလက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။
အစည်းအဝေးသို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)