ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြုလုပ်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြုလုပ်ပေးခြင်းကို စက်တင်ဘာ ၁၇ ရက်နေ့က ပန်းပင်ချောင်ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူကလေးများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူကလေးများနှင့် အမေးအဖြေပြုလုပ်ခြင်း၊ ကျောင်းသား/ကျောင်းသူများ နားလည်လွယ်အောင် ဥပမာပေးဇာတ်လမ်းများပြော၍ အသိပညာပေးဟောပြောရှင်းပြပြီး၊ ကျောင်းသား/ ကျောင်းသူများအား လိမ္မာရေးခြားရှိ၍ ကျောင်းစာကို ကြိုးစားသင်ယူရေးကျောင်းနှင့် ပတ်သက်သည့်စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုမှုပြိုင်ပွဲများအတွက် လိုအပ်သည့်အချက်အလက်များရှာဖွေလိုပါကလည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာကြည့်တိုက်ရှိစာအုပ်များတွင် ဖတ်ရှုမှတ်သား၍ရပါကြောင်း အသိပေးပြောကြားခဲ့သည်။

ထို့နောက် အဆိုပါကျောင်းခန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)