မင်္ဂလာဒုံ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူးများ အပါအဝင် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသီဟဘော်ဇံက ယနေ့အစည်းအဝေးသည် ကော်မတီဝင်များနှင့်မြေပြင်ရှိစာကြည့်တိုက်မှူးများ မျက်နှာစုံညီတွေ့ဆုံကာ အချင်းချင်းပွင့်ပွင့်လင်းလင်း ညှိနှိုင်းဖလှယ်နိုင်ရန်၊ ဆွေးနွေးနိုင်ရန်၊ စာကြည့်တိုက်များ အောင်မြင်ရေးနှင့် ရှင်သန်တည်တံခိုင်မြဲရေး ဆောင်ရွက်နိုင်ရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ကော်မတီအတွင်းအရေးမှူး ဦးသိန်းထွန်းအောင်က စာကြည့်တိုက်များတွင် Activity များအဖြစ် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုများဖြစ်သော လူငယ်စကားဝိုင်း၊ လူငယ်စာဖတ်ဝိုင်း၊ လူငယ်ရေးရာ ဟောပြောပွဲများ၊ သင်တန်းများကိုလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကိုလည်းကောင်း စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးဟူသည့်အတိုင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသွင်ဖြင့် ဆောင်ရွက်ရာတွင် စာပေဆိုင်ရာကိစ္စရပ်များနှင့် အမြင်များကို ညှိနှိုင်းဖလှယ်နိုင်ရေး ပါဝင်ဆွေးနွေးပေးကြစေလိုပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲ၌ သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှ အတွင်းရေးမှူး ဦးနေဆန်းက လူငယ်နှင့်အီးစီးကရက်အန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးငွေစိုး(ငွေစိုး-ရွှေကြန့်မြေ)က ပညာနှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်ဟောပြောကြမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးကြသည်။
ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ အ.ထ.က(၄)တွင်ကျင်းပမည့် လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်စကားဝိုင်း ဆောင်ရွက်ရာတွင် လိုအပ်မည့်ကဏ္ဍအလိုက် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြပြီးနောက်မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအား ဦးရေ(၇)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း