သထုံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကိုလည်း‌ကောင်း မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်က လူငယ်များအကျင့်စာရိတ္တကောင်းမွန်‌ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေနေတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲတတ်စေရေးစသည့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးဟောပြော‌ကြရာ ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းကြပြီး ဟောပြောသူတို့က ပြန်လည်ရှင်းလင်းပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား‌/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)