ပျော်ဘွယ် စက်တင်ဘာ ၁၉
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှအငြိမ်းစားယူခဲ့သော ဝန်ထမ်းများဖြင့်ဖွဲ့စည်းခဲ့သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများနာရေးကူညီမှုအသင်းလုပ်ငန်းညှိနှိုင်းအစည်းဝေးကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအသင်းဥက္ကဋ္ဌ ဦးရဲမြင့်က မိမိတို့အသင်းသည် ငွေကြေးနှင့်ပတ်သက်ဆက်နွယ်နေသောကြောင့်ပြည်သူများ၊ အသင်းဝင်များအထင်အမြင်လွဲမှားမှုမရှိစေရေး၊ စာရင်းဇယားများတိကျ မှန်ကန်ရေးတို့ကို အထူးဂရုပြုရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ လစဉ်အသင်းဝင်များထံမှ ကောက်ခံရရှိမှု၊ စာရင်းစစ်ဆေးခဲ့မှု၊ ထောက်ပံ့ကြေးပေးနိုင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသင်းအမှုဆောင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း၊ အငြိမ်းစားဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော နာရေးကူညီမှုအသင်းတွင် အသင်းဝင်ပေါင်း(၁၂၀၀)ဦးခန့်ရှိပြီး အသင်းဝင်တစ်ဦးနာရေးဖြစ်ပေါ်ပါက ထောက်ပံ့ကြေးအနေဖြင့် အသင်းဝင်သက်တမ်း (၅)နှစ်အောက် ဖြစ်ပါငွေကျပ်တစ်သိန်းရှစ်သောင်း၊ (၅)နှစ်အထက်ဖြစ်ပါက ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)