တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅)နှစ်မှ (၇)နှစ်အတွင်းကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော​ရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး တတိယအကြိမ်တိုက်ကျွေး

တောင်ဥက္ကလာပ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇)နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး တတိယအကြိမ်တိုက်ကျွေးခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်စန်းစန်းညိုနှင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကာကွယ်ဆေးမသောက်ခင် အစားအစာကို ၂ နာရီကြိုတင် စားသောက်ထားရှိရန်၊ ကာကွယ်ဆေးသောက်ပြီးချိန် မိနစ်(၃၀)ခန့် စောင့်ဆိုင်းစေခြင်း၊ ၁ နာရီကျော်လွန်မှ အစားအသောက်စားစေခြင်းနှင့် ကာကွယ်ဆေးထိုးပြီး ၂ ရက်အတွင်း အချဉ်၊ အစပ်၊ အဆီ၊ အစိမ့်နှင့် အေးခဲထားသော အစားအသောက်များ၊ အသားစိမ်းများအား မစားမိစေရန် ကလေးမိဘများနှင့် တာဝန်ရှိဆရာ၊ ဆရာမများကို မှာကြားပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကာကွယ်နိုင်မည်ဖြစ်ပြီး သန့်(၄)သန့်ဖြင့် ညီညွတ်စွာ ဆက်လက်နေထိုင်ရန်လည်းလိုအပ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို (၂၀.၈.၂၀၂၅)မှ (၁၇.၉.၂၀၂၅)ရက်နေ့အတွင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကလေးငယ်များအား (၃)ကြိမ်တိုက်ကျွေးခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန် (ပြန်/ဆက်)