ပင်လုံ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော “လူငယ်နှင့်ဆိုရှယ်မီဒီယာအကြောင်း သိကောင်းစရာ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းနွဲ့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းအား ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်နှင့် စာပေများဖတ်ရှု၍ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြား၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးဆောင်ရွက်ပေးမည့် ကျောင်းသူလေးများအား ဖိတ်ခေါ်ကာ လူငယ်စကားဝိုင်းကို စတင်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ကျောင်းသူလေးများက “လူငယ်နှင့် Social Media အကြောင်း သိကောင်းစရာ” ခေါင်းစဉ်နှင့်ပတ်သက်ပြီး Social Media ကို အသုံးပြုရခြင်း၏ ကောင်းကျိုးများ၊ ဆိုးကျိုးများ၊ လူမူရေး၊ ကျန်းမာရေး၊ နည်းပညာ၊ AI အသုံးပြုမှု၊ တီထွင်နိုင်မှု၊ မိုးလေဝသသတင်းများ၊ သတင်းတု၊ သတင်းမှားများ၊ အသိပညာဗဟုသုတများကို သိရှိစေနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား/ ကျောင်းသူ(၅)ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး တို့ကဂုဏ်ပြုလွှာများနှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ စုစုပေါင်း (၂၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)