မိုးနဲ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပန်လော့ကျေးရွာရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူလေးများ လွယ်လင့်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုဘိုင်း Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေး ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ပြည်သူ့စာကြည့်တိုက်)ရှိ မူလတန်းအဆင့် ကျောင်းသား/သူလေးများနှင့် ကိုက်ညီမည့် ဗဟုသုတရဖွယ်ကောင်းသော ရုပ်ပြ စာအုပ် စာစောင်များအား ပြသပေးခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များ ကွင်းဆင်းငှားရမ်းလိုက်ခြင်းကြောင့် စာအုပ် စာစောင်များ လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်ခြင်း၊ ဗဟုသုတ အသစ်များ တိုးပွားလာခြင်း၊ အသိပညာများကို ပြန်လည်မျှဝေနိုင်ခြင်း၊ စာအုပ်စာပေ၏ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများကို နားလည်သဘောပေါက်လာခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းရရှိခြင်း၊ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်လာခြင်း စသည့်အကျိုး ကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို