မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် မော်လမြိုင်အချုပ်ထောင်အား ကြည့်ရှုစစ်ဆေး

မော်လမြိုင် စက်တင်ဘာ ၁၉

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းအောင်၊ မော်လမြိုင်ခရိုင်တရားသူကြီး ဦးအောင်သိန်းဦးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးခဲ့ရာ အချုပ်ထောင်တာဝန်ခံအရာရှိက အချုပ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အချုပ်ထောင်အတွင်း အကျဉ်းသား/ အကျဉ်းသူများ၊ အချုပ်သား/အချုပ်သူများနေထိုင်သည့် အဆောင်များ၊ စားဖိုဆောင်နှင့်ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ၊ မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှု ရှိ၊ မရှိ ကျန်းမာရေး စောင့်ရှောက်မှု ရ၊ မရ၊ အစားအသောက်များကျွေးမွေးရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ၊ မရှိအခြေအနေများကို ကြည့်ရှုမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)