နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်ပြီး မိုးစပါးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေး

ဥတ္တရသီရိ စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာနှင့် ပိုးစာတော‌ကျေးရွာသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီတစ်အိမ်ထောင်လျှင် သစ်မာပင် ၂ဝ ပင် သစ်ပင်စိုက်ပျိုးပွဲများသို့ တက်ရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရေး၊ တန်းစဉ်ကူးပြောင်းရေးစနစ်မှန်ကန်စေရေး၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်ပင်သစ်တောများကိုတန်ဖိုးထား စိုက်ပျိုး‌စေရေး၊ စိုက်ပျိုးသည့်သစ်ပင်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာရှင်သန်စေရေး ဝိုင်းဝန်းစောင့်ရှောက်ကြရန်၊ သဘာဝဘေးအန္တရာယ်တချို့မှ ကာကွယ်နိုင်ရန်အတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည်အဓိကကျပါကြောင်း၊ သစ်ပင်သစ်တောများ ရေရှည်တည်တံ့စေရန်အတွက် ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး သစ်တောထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများ မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ရေး၊ ကုန်ကြမ်းသီးနှံများမှ ကုန်ချောပြုလုပ်ရောင်းချရေး၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီ‌အောင် ဆောင်ရွက်ရေး၊ လယ်ယာမြေများ တန်ဖိုးထား‌ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်သစ်တောဦးစီးမှူးတို့က သစ်ပင်ပျိုးပင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာ‌နေပြည်သူများနှင့်အတူ မသိမ်ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးဝင်းအတွင်းနှင့် ပိုးစာတောကျေးရွာလမ်းတို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် သစ်ပင်များစိုက်ပျိုးပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တောင်ညိုကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ ကွင်းအမှတ်(၁၈၉၂)၊ တောင်သူဦးမင်းလွင်ဦး၏ အောင်နိုင်တိုးမိုးစပါး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)