ပူတာအို စက်တင်ဘာ ၁၉
၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲပေးစက်စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးစိုးထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဘေလားခူရ်ဘူဆားရ်က မြန်မာ အီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ သင်တန်းတွင် မဲပေးစက်ထိန်းချုပ်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာများအား Power Point ဖြင့် ရှင်းလင်းပို့ချခြင်း၊ မဲပေးစက်နှင့်ပတ်သက်၍ လက်တွေ့တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ စမ်းသပ်မဲပေးခြင်း၊ စက် error ဖြေရှင်းခြင်းနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ရှင်းလင်းပို့ချခြင်း၊ မဲရုံများတွင် အသုံးပြုဖြည့်သွင်းရမည့်ပုံစံများအား ရှင်းလင်းခြင်းများကို စက်တင်ဘာ(၁၈)ရက်မှ (၁၉)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှညနေ(၄)နာရီအထိ သင်တန်းနည်းပြများက စာတွေ့/လက်တွေ့သင်ကြားပို့ချသွာမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ မဲရုံပေါင်း(၅၁)ရုံတွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲပေးစက်ထိန်းချုပ်သူအဖြစ် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ကျောင်းဆရာ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ သင်တန်းသား/သူစုစုပေါင်း(၂၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)