နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့‌တော်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုခြင်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်‌ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ လေဆိပ်လမ်းနှင့် ရာဇသိင်္ဂဟလမ်းသို့ သွားရောက်ပြီး လမ်းဘေး/ဝဲယာနှင့် ကြာကန်ပတ်လည်သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်‌ဆေးသည်။

ဦးစွာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးထားရှိသည့် ပန်းအလှပင်များအား အပင်အောက်ခြေပတ်လည်မြက်ပင်၊ ပေါင်းပင်များကို စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ လမ်းလယ်ကျွန်းများတွင် မြေယာရှုခင်းနှင့် ပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးရန်၊ Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ လမ်းပခုံးသားများ သတ်မှတ်ချက်နှင့်အညီ စနစ်တကျရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ငလျင်ဒဏ်သင့် လမ်းဘေးပ‌လက်ဖောင်းများနှင့် လမ်းမကြီးအား အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းနှင့် ရာဇသိင်္ဂဟလမ်းတစ်လျှောက် လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား မြို့တော်နယ်နိမိတ်အတွင်း စွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်သောနေရာများသို့ စုပုံထားရှိခြင်း၊ ဖြန့်ကြဲခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်းမပြုလုပ်ရန်နှင့် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန် ခေတ်မီတိုးတက်သည့် နည်းပညာနှင့်နည်းစနစ်များကို အသုံးပြုဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုခြင်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီအနေဖြင့်လည်း ဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာမြေသည် အခြားနည်းသုံးစွဲခွင့်မရရှိပါက လူနေထိုင်ခွင့်မရှိသောကြောင့် ဥပဒေနှင့်အညီ အခြားနည်းအသုံးပြုခွင့် လျှောက်ထားသင့်ပါကြောင်း၊ ၂၀၁၂ ခုနှစ်မှာ လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီးတဲ့နောက် လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့ တောင်သူလယ်သမားတွေကို ပုံစံ(၇)များ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပုံစံ(၇) ပါစည်းကမ်းချက်တွေအပြင် တည်ဆဲလယ်ယာမြေဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေကိုလည်း လိုက်နာဖို့လိုအပ်ပါကြောင်း၊ ပုံစံ(၇)ရရှိထားတဲ့ တောင်သူတွေအနေနဲ့လည်း လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ မိမိသဘောဆန္ဒအတိုင်း အခြားနည်းအသုံးပြုခွင့်မရှိကြောင်းကို သိရှိရန်လိုအပ်ပါကြောင်း၊  သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများကို အသိပေးဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊  နေပြည်တော်ကောင်စီအနေနဲ့လည်း အခြားနည်းအသုံးပြုခွင့်များကို ဥပဒေနှင့်အညီစိစစ်ပြီး ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဒါကြောင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် တည်ဆဲလယ်ယာမြေဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေကို မိမိတို့နယ်မြေအတွင်းရှိ တောင်သူများသိရှိစေရေးနဲ့ ခွင့်ပြုမိန့်မရှိဘဲ အကွက်ရိုက်ရောင်းချနေခြင်းများ၊ လူနေထိုင်ခြင်းများ မရှိစေရေးတို့ကို စဉ်ဆက်မပြတ် အသိပညာပေးခြင်းနှင့် တားမြစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)