ပင်းတယမြို့၌ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် ‎လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ပင်းတယ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပင်းတယမြို့ပေါ်ရပ်ကွက်မှ ဒေသခံပြည်သူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပင်းတယမြို့ပေါ်ရပ်ကွက်မှ ဒေသခံပြည်သူများက ရပ်ကွက်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)