ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)၌ ‎၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား အ.ထ.က (ကြိုသက်) ကျောင်းသား/ကျောင်းသူများမှ “အနာဂတ်လူရည်မွန်” တေးသီးချင်ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ် (၃) ခုအနက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်တစ်ခုကိုလည်း ဒုတိယနေရာမှာ ထည့်သွင်းထားပါကြောင်း၊ “မိဘဆရာပူးပေါင်းသားသမီးပညာကောင်း” ဆိုသည့်အတိုင်း မိမိတို့၏ သားငယ်သမီးငယ်များအား ပညာသာမက အသိပညာပါ ပိုမိုရရှိအောင် ဆရာ / ဆရာမများ အနေဖြင့် ယခုထက်သင်ကြားပေးစေလိုပြီး၊ ကျောင်းသား/ ကျောင်းသူများကလည်း အချိန်ကိုအကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အမိနိုင်ငံတော်၏ အားကိုးအားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပါစေကြောင်း စသည်ဖြင့်ပြောကြားပေးသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဆုများကို အသီးသီးဆုချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား/ကျောင်းသူလေးများ၏ တေးသရုပ်ဖော်ကပြ ဖျော်‌ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)