မန္တလေး စက်တင်ဘာ ၁၉
မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၌ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းသိမ်းအောင်ပွဲကို စက်တင်ဘာ ၁၇ရက် နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁×၁၂လမ်းကြားရှိ ဘုရားကြီး အာရုံခံတန်ဆောင်းတွင်ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ နန်းရှေ့ခင်မကန်တိုက်၊ ကထိန်တော် ဓမ္မာစရိယစာသင်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသီရီဘိဝံသအမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်ဝင်း(မန်းမြေရာဇာ)နှင့် ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေ၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးအောင်မင်းနှင့်အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဆရာတော်ဘဒ္ဒန္တပညာသီရီဘိဝံသထံမှ သီလခံယူဆောက်တည်ကြကာ ဆရာတော်ရှင်သူမြတ်များတို့က အန္တရာယ်ကင်းမေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ပေးကြပြီးနောက် ရေစက်ချတရားနာယူကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဘုရားအမှူးရှိသော ဆရာတော်သံဃာတော် (၄၉) ပါးအားဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)