ချမ်းမြသာစည် စက်တင်ဘာ ၁၈
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ (၁) နာရီက အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်း အောင်မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၃၁) အ.ထ.က ကျောင်းအုပ်ကြီးဆရာမကြီး ဒေါ်သင်းသင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူး ဦးတင်မောင်ဝင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ လှူဒါန်းခဲ့ရာ အလယ်တန်းပြဆရာမ ဒေါ်ညွန့်ညွန့်ဝေက လက်ခံရယူခဲ့သည်။ ဟောပြောပွဲပြီးနောက် ကျောင်းသား/ ကျောင်းသူများသည် ခန်းမအပြင်၌ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင် ခင်းကျင်းပြသထားမှုများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်းနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့(ချမ်း/စည်)