စစ်တွေ စက်တင်ဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် ရခိုင်ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင်ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ် တာဝန်ခံ ဦးအောင်မိုးမြင့်က ရခိုင်ပြည်နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လျာထားမဲရုံများအား လုံခြုံမှုရှိစေရေးစနစ်တကျ ဆောင်ရွက်ကြရန်၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊ ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်တို့က ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာကလများတွင် လုံခြုံရေး ဆောင်ရွက်မည့်အစီအမံများနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အရာရှိများက မိမိတို့မြို့နယ်အလိုက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရခိုင်ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ် တာဝန်ခံက ပြန်လည်ဆွေးနွေးခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး