သာစည်မြို့နယ်နှမ်းကန်ကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသ

သာစည် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပွဲကို စက်တင်ဘာ ၁၈ ရက်နံနက် ၇ နာရီက နှမ်းကန်ကျေးရွာ အုပ်စု ကွင်းအမှတ် ၁၈၈၄ တောင်သူဦးတိုးမောင်၏ မနောသုခ seeder စိုက်စနစ် စပါးစိုက်ကွင်းတွင် ပြုလုပ်ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာလင်းက တောင်သူများအား ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ အချိုးကျကြဲပက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းမြေအသုံးချတာဝန်ခံဒေါ်သင်းသင်းချိုက ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ ၁:၃ အချိုးကျရောစပ်ကြဲပက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ ၁:၃ အချိုးကျရောစပ်ပြီး ကွင်းအတွင်း၌ တောင်သူများ လက်တွေ့ ကြဲပက်ခြင်းကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမြေအသုံးချတာဝန်ခံ၊ သီးနှံကာကွယ်ရေး တာဝန်ခံနှင့်မျိုးစေ့တာဝန်ခံ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)