သာကေတမြို့နယ် လူငယ်စင်တာတွင် တွေ့ဆုံပွဲကျင်းပ

သာကေတ စက်တင်ဘာ ၁၈

အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့(YTD)တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက သာကေတမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ယခုလိုတွေ့ဆုံရခြင်းအတွက် ဝမ်းမြောက်မိကြောင်း၊ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းအတွက်ကြောင့်လည်း အထူးပဲကျေးဇူးတင်ရှိကြောင်းနှင့် တွေ့ဆုံရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးစည်သူထွန်းက လိုအပ်သည်များ ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်သာကေတသဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့(YTD)နာယကကြီးများဖြစ်ကြသည့် ဦးလှဒေါင်းနှင့် ဦးအောင်အောင်တို့က မုဒိတာစကားများပြောကြားကာ  YTD ဥက္ကဋ္ဌ ဦးမြတ်ကျော်ဦးက အဖွဲ့လုပ်ငန်းစဥ်များကို တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် YTD အဖွဲ့ အလုပ်အမှုဆောင်များ၊ အသင်းဝင်များက မိတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက တူညီဝတ်စုံများ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သဲထက်ဇင်(ပြန်/ဆက်)