သာကေတ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နေလည် (၁)နာရီချိန်၌အမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာကေတမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားပြီး၊ သာကေတမြို့နယ် ပညာရေးမှူး ဒေါ်နန်းနုနုကြည်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က ဦးဆောင်ဆွေးနွေးပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့် စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်ရည်မှန်းချက်စသည့် ခေါင်းစဥ်များဖြင့် ပါဝင်ဆွေးနွေးပြီး တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်မှ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး စေရန်ရည်ရွယ်၍ ဟောပြောခြင်း၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ စာရေးဆရာမ နန်းဟင်းပြင်မှ လူငယ်နှင့်စာပေအသိပညာပေးအကြောင်းဟောပြောခဲ့ပြီး မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း Book Club အတွင်းရေးမှူး စာရေးဆရာမမိုးမိုးသင်း(ပတ္တမြားမြေ)မှ လူငယ်နှင့်စာရိတ္တအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဂိမ်းကစားနည်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် သုတ၊ ရသစာအုပ်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)