ငါန်းဇွန် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာ ၁၈ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “ငလျင်ဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ စသည့်အကြောင်းအရာများကိုလည်းကောင်း၊ “လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း”ခေါင်းစဉ်ဖြင့် လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်အချက်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင်၊ အိမ်အပြင်ရှိနေလျှင် လိုက်နာရမည့် အချက်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက်လိုက်နာရန်အချက်များ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)