ပြင်ဦးလွင် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာမ ပုညခင် ရေးသားသည့် “အထက်တန်းစားရေ” စာအုပ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် (၉) နာရီခွဲက ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထများ၊ အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် နှလုံးသားလှပသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ စကားဝိုင်းများကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာမ ပုညခင် ရေးသားသည့် “အထက်တန်းစားရေ” စာအုပ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရွှေစာဝိုင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-(11) ကျောင်းသား၊ ကျောင်းသူများဖြစ်သော မအိန္ဒြေဦး၊ မချောစုလွင်၊ မောင်ခန့်လွင်ထွန်း၊ Grade-(10) ကျောင်းသူ မကြယ်စင်သော်၊ Grade-(9)ကျောင်းသား၊ကျောင်းသူများဖြစ်သော မောင်ထက်အာကာကျော်၊ မဟေသာကိုနှင့် Grade-(7)ကျောင်းသားဖြစ်သော မောင်ကောင်းသန့်တို့က ဖတ်ရှုထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့် တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းက ဖြည့်စွက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စကားဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ဆက်လက်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်၊စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)