မချမ်းဘော စက်တင်ဘာ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ပညာရှိသူနှင့်ပညာမဲ့သူ ခေါင်းစဥ်ဖြင့်ဟောပြောပြီးနောက် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှကျောင်းသား၊ ကျောင်းသူ ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဆရာမများက အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ တိုင်းရင်းသားရိုးရာယဥ်ကျေးမှု ဓာတ်ပုံပြပွဲနှင့် သုတရသကလေးစာပေများကို စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မချမ်းဘောမြို့နယ်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများနှင့် နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ဝိုင်းများကို အစဥ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)