မိုးနဲ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံအခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးငိုပွယ်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် အ.ထ.က(ခွဲ)နားခံ ကျောင်းအုပ်ဆရာကြီး ဦးနေဇာထွန်းက ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး အလယ်တန်းအဆင့် ကျောင်းသူလေးများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား/သူလေးများက သိလိုသည်များ မေးမြန်းခဲ့ကြကာ ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/သူလေးများအား ၎င်းတို့နှင့် ကိုက်ညီမည့် စာအုပ်စာစောင်များ ပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှုနှင့် ထိပါးနှောင့်ယှက်မှုများအတွက် ဥပဒေအကြောင်း သိကောင်းစရာများပါရှိသော နံရံကပ်စာစောင်များအား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးငိုပွယ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသားသူများ စုပေါင်းအင်အား (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး အသက်(၁၆)နှစ် အောက်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ လူငယ်စကားဝိုင်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဇင်ကိုကို