ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ဧရိယာအတွင်း သန့်ရှင်းသပ်ယပ်ပြီး အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးနှင့် မြို့လယ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ ၁၈

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်သော မြို့ပြတစ်ခုဖြစ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ မီးရထားသံလမ်းတစ်လျှောက် ဘေးဝဲ/ ယာတို့တွင် သန့်ရှင်းသပ်ယပ်ပြီး လူသွားလမ်း၊ ရေနှုတ်မြောင်းနှင့် အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အင်ဂျင်နီယာမှူးကြီး၊ မြန်မာ့မီးရထားတာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ဈေးကြီးလမ်းနှင့် စည်ပင်သာယာလမ်းဆုံမှ ဧရာရုပ်ရှင်ရုံအနီး မီးရထားသံလမ်းဘေးတစ်လျှောက်ရှိ အမှိုက်စုကန်နေရာတွင် အမှိုက်နှင့် ခြုံနွယ်များ ရှင်းလင်း၍ သံလမ်း ဝဲ/ယာတို့တွင် အလှပန်းပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် နယ်မြေ ၁၅ နှင့် ရန်ကြီးအောင်ရပ်ကွက်ကြား၌ သံလမ်းကူးနေရာမှလည်းကောင်း၊ ဂျာမိုင်ကောင်းနှင့် ဒူကထောင်ရပ်ကွက် သံလမ်းကူးနေရာ၌လည်းကောင်း သံလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရန်ကြီးအောင်ရပ်ကွက်ဘက်ခြမ်းရှိ မြေလွတ်နေရာအား တိုင်းထွာ၍ လူသွားလမ်းဆောင်ရွက်နိုင်ရေးနှင့် ရေဝပ်မှုမရှိစေရေးအတွက် ရေနုတ်မြောင်း စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဒူကထောင်ရပ်ကွက်အတွင်း ရေနုတ်မြောင်းနေရာ၌ မီးရထားသံလမ်းရေကျော်တံတားအား စနစ်တကျ ပြန်လည်တည်ဆောက်နိုင်ရေးနှင့် ရေနုတ်မြောင်းအား စနစ်တကျ ပြန်လည်တူးဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးက မြို့ဧရိယာအတွင်း မီးရထားသံလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ရေရှည်ကို မျှော်တွေးစဉ်းစားပြီး စီမံဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် အရိပ်ရပန်းပွင့်သည့်အပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့လယ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်းသို့ သွားရောက်ပြီး ပန်းခြံဧရိယာ ပေ ၆၀၀ နှင့် ၁၃၀ ပေအား အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အများပြည်သူအပန်းဖြေနေရာဖြစ်သည့်အတွက် စနစ်တကျဖြင့် အဆင့်မြင့်တင်ရာတွင်လည်း လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)