မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မောက်မယ် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် လူငယ်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ် နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြ ရမည့်လူ့စွမ်းအားအရင်းအမြစ်များပေါ်ပေါက်စေရန်၊ လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိကျင့်ထုံးများ၊ ပြုမှုကျင့်သုံးလိုက်နာရမည့် ဂါရဝတရား၊ နိဝါတတရားများ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရား စသည့် ကိုယ်နှုတ်စိတ်သုံးပါးမှ ပြုမှုနေထိုင်ကျင့်ကြံရမည့်အကြောင်းအရာများ၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောပြီး ပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)