ပင်လုံ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့ ၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဥာဏ်ပညာ ဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ဉာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် စာပေများ ဖတ်ရှု့၍ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍''လူငယ်နှင့်အားကစားအကြောင်းသိကောင်းစရာ'' လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံမြတ်ခိုင်က အဖွင့်အမှာစကားပြောကြား၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က အားကစားရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်လူငယ်စကားဝိုင်းကို စတင်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူလေးများက ''လူငယ်နှင့်အားကစားအကြောင်းသိကောင်းစရာ'' ခေါင်းစဉ်နှင့်ပတ်သက်ပြီး ဗဟုသုတများကို သိရှိစေနိုင်ရန် အကျယ်တဝင့် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့သည့်ကျောင်းသား/ ကျောင်းသူ(၅)ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူနှင့်တာဝန်ရှိသူအကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က ကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၂၅) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)