ကရင်ပြည်နယ်တွင် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကျင်းပ

ဘားအံ စက်တင်ဘာ ၁၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်အသီးသီးမှ အားကစားသမားများသည် စစ်ကြောင်းပုံစံဖြင့် နိုင်ငံတော်အလံငယ်နှင့် ပြည်နယ်အလံငယ်များဝှေ့ရမ်းပြီး တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များအား နှုတ်ဆက်၍ ကွင်းအတွင်း နေရာယူကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကာယ၊ ဉာဏ၊ စာရိတ္ထ၊ ရသ၊ သက်မွေး၊ ဘက်စုံပညာရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်၍ ပညာထူးချွန် လူရည်မွန်များဖြစ်အောင် စာသင်ကျောင်းများက လေ့ကျင့်ပျိုးထောင်ကြရန်နှင့် အခြေခံပညာကျောင်းများမှနေ၍ ပေါ်ထွက်လာသည့် အားကစားမောင်မယ်များဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်သည်အထိ ရည်မှန်းချက်များထားကာ ဘက်စုံထူးချွန်သည့်နိုင်ငံ့ ကိုယ်စားပြုလက်ရွေးစင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြို့နယ်အသီးသီးမှ အားကစားအဖွဲ့များအား ရင်းနှီးနွေးထွေးစွာလိုက်လံတွေ့ဆုံနှုတ်ဆက်၍ တစ်မြို့နယ်လျှင် ငွေကျပ်သိန်း(၂၀)စီ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး အမှတ်(၃) အခြေခံပညာကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့သိုင်း၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းမှားမှ ကျောင်းသား၊ ကျောင်းသူများက Physical Fitness Exercise တို့ဖြင့်သရုပ်ပြ တင်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်း အနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့၊ Physical Fitness Exercise သရုပ်ပြအဖွဲ့၊ မြန်မာ့သိုင်းသရုပ်ပြအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့အား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ အဖွင့်ပွဲစဉ်အနေဖြင့် ဘားအံမြို့နယ်အမျိုးသားဘောလုံးအသင်းနှင့် မြဝတီမြို့နယ်အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အခြေခံပညာမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယနေ့ကျင့်ပသည့် ကရင်ပြည်နယ် ကျောင်းသား အားကစားပွဲတော်ဖွင့်ပွဲကို မြို့နယ်(၇)မြို့နယ်မှ အားကစားအဖွဲ့(၇)ဖွဲ့၊ နည်းပြ၊ အုပ်ချုပ်သူ၊ အားကစားသမားပေါင်း ၈၉၂ ဦး၊ ဖျော်ဖြေရေးအဖွဲ့ ၇၆၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၈၀၀ ဦးနှင့်အားကစားဝါသနာရှင်များ တက်ရောက်ယှဉ်နွှဲခဲ့ကြပြီး ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင် တင်းနစ် အမျိုးသား၊ အမျိုးသမီးအားကစားပြိုင်ပွဲများကို ဘားအံမြို့ပေါ်ရှိ ဇွဲကပင်အားကစားကွင်း၊ ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၊ လူငယ်စင်တာ၊ အောင်သံလွင် အားကစားကွင်း၊ တက္ကသိုလ်အားကစားကွင်းတို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)