အမရပူရမြို့တွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရချက်ပြုတ်ကျွေးမွေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်

အမရပူရ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူလေးများအား သတ်မှတ်ထားသော အအာဟာရအုပ်စု ၅ မျိုးစံညွှန်းအတိုင်း ချက်ပြုတ်ကျွေးမွေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တတိယအကြိမ်တိုက်ကျွေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ပြည်သူ့ကျန်းမာရေးဥိးစီးဌာနမှူး ဒေါက်တာစိုးကိုကိုဇော်နှင့်အဖွဲ့မှ ကလေးငယ်များ နားလည်စေရန် အခြေခံအစားအစာ၊ တိရစ္ဆာန်မှရသောအစားအစာ၊ ပဲနှင့်အစေ့အဆံအမျိုးမျိုး၊ ဗီတာမင်အေကြွယ်ဝသောဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ၊ အခြားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရုပ်ပုံကားချပ်ဖြင့် ရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်ပြီး အာဟာရချက်ကျွေးမှုတွင် သတ်မှတ်အာဟာရ ၅ မျိုးလုံးပါဝင်စေရန် ထမင်း၊ ကြက်သား၊ ငါးဖယ်၊ ကန်စွန်းဥနှင့် ပဲဟင်းချိုတို့ကို ချက်ပြုတ်ကျွေးမွေးခဲ့ကြပြီး တတိယအကြိမ်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေးများကို တိုက်ကျွေးခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် သွားတိုက်ဆေးနှင့်သွားတိုက်တံများကို KG ကလေးငယ်များအား ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း အမရပူရမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စိုးသီဟ(အမရ)