မြစ်သားမြို့နယ်တွင် ထပ်ပိုးလွှာကတ္တရာ လမ်းခင်းခြင်း ဆောင်ရွက်ပေး

မြစ်သား စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထောက်ပံ့ရန်ပုံငွေဖြင့် မြို့မအနောက်ရပ်ကွက် (၁၁) လမ်းတွင် ထပ်ပိုးလွှာကတ္တရာလမ်းခင်းပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထပ်ပိုးလွှာကတ္တရာလမ်း အရှည် ၆၇၅ပေ၊ အကျယ် ၁၂ပေ၊ ထု၉လက်မရှိပြီး လမ်းဘယ်၊ ညာပခုံးတွင် မြေသား ၂ ပေခင်းကာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ထောက်ပံ့ရန်ပုံငွေ ၁၈ ဒသမ ၈၀၀ ကျပ်သန်းဖြင့် မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထပ်ပိုးလွှာကတ္တရာလမ်းခင်းခြင်းကို စံချိန်၊ စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မြို့နယ်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးပါက ရဟန်းရှင်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးသွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)