ရန်ကုန် စက်တင်ဘာ ၁၈
FIFA / MFF U-19 Futsal Youth League 2025 ပြိုင်ပွဲများ ပြီးဆုံးချိန်တွင် Winner Soccer FC အသင်းသည် ရမှတ် (၆၀)မှတ်ဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
FIFA / MFF U-19 Futsal Youth League 2025 ၏ Week 22 ပွဲစဉ်များ ပြီးဆုံးချိန်တွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးဖြိုးမောင်မောင်က ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများကိုအမှတ်တရဆုများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးဆု ရရှိခဲ့သော Pacific Sun Far FC ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက် က အမှတ်တရ ဆုဖလားနှင့် ဆုကြေးငွေ ကျပ် (၃) သိန်းကို ပေးအပ်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော YRG FC အသင်းမှ အောင်ထူးခန့် ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ် (၅) သိန်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် တော့ထူး ကပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သော Winner Soccer FC မှ အောင်ခန့်ဇော်ကို အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ် (၅) သိန်းကိုလည်းကောင်း ပေးအပ် ခဲ့သည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပြိုင်ပွဲ၏ စတုတ္ထဆု ရရှိခဲ့သော VUC ULAD FC အသင်းအား ဆုကြေးငွေကျပ် (၁၀) သိန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြိုင်ပွဲ၏ တတိယဆု ရရှိခဲ့သော YCDC MHDT အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၁၅)သိန်း ကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော YRG FC အသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် သိန်း (၃၀) ကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲ၏ချန်ပီယံဆုရရှိခဲ့သော Winner Soccer FC အသင်းကိုအာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်ဦးချင်း ဆုတံဆိပ်၊ ဆုကြေးငွေ ကျပ် သိန်း(၅၀)ကို ချီးမြှင့်ပေးခဲ့ပြီးနှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ချန်ပီယံဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)