နေပြည်တော်ကောင်စီဥက္ကဋ္ဌ အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ပြည်သူများအား မျက်စိအထူးကုဆရာဝန်ကြီးများမှ အခမဲ့မျက်စိခွဲစိတ်ကုသမှုပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၁၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေနဲ့ မြို့နယ် (၈) မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်အဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်နဲ့ အာဆီယံကျောင်းသားအားကစားပွဲတော် (ASEAN School Games) တွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုလို နေပြည်တော်အဆင့်ပြိုင်ပွဲများကို ပဏာမကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “အနိုင်အရှုံးတစ်ခုတည်းကို ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံး ညီညွတ်မှု၊ စည်းကမ်းဥပဒေကို ရိုသေလေးစား လိုက်နာမှု၊ ယဉ်ကျေးမှု” စသည်တို့ကိုပါ ယှဉ်ပြိုင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်တို့ကို ဖော်ဆောင်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အခြေခံပညာကျောင်းသားအားကစား ပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားကျောင်းသား၊ ကျောင်းသူ မောင်မယ်များအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်သော နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြရန်ကိုလည်း မှာကြားလိုကြောင်း၊ ကျောင်းသားအားကစားပွဲတော်ကို အားကစားနည်း (၇) မျိုးနဲ့ပဲ ကျင်းပဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေနဲ့ နေပြည်တော်အဆင့် အခြေခံပညာကျောင်းသားအား က စားပွဲတော်မှာ ပါဝင်တဲ့ ပြေးခုန်ပစ်နဲ့ ကြက်တောင်ပြိုင်ပွဲများကို လယ်ဝေးလေ့ကျင့်ရေးစခန်း (၂) တွင်လည်းကောင်း၊ ကျားဘောလုံးပြိုင်ပွဲကို အထက (၆) ဇမ္ဗူသီရိတွင် လည်းကောင်း၊ မဘောလုံးပြိုင်ပွဲနဲ့ ကျန်တဲ့ကစားနည်း(၄)မျိုးကို အထက(၇)ဇမ္ဗူသီရိတွင်လည်းကောင်း ကျင်းပပေးသွားမှာဖြစ်ပါ‌ကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးနိုင်ခြင်းဖြင့် မြန်မာ့လက်ရွေးစင် အားကစားသမားများရဲ့ ၈၀% ဟာ ကျောင်းသားအားကစားပြိုင်ပွဲဝင် မျိုးဆက်သစ်များမှ အခြေပြုလာတဲ့ အားကစားသမားများ ဖြစ်နေကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများဖြစ်တဲ့ ကျောင်းသား၊ကျောင်းသူများက အားကစားသစ္စာအဓိဋ္ဌာန်မှာပါတဲ့အတိုင်း အားကစားစိတ်ဓာတ်ကို အရင်းခံပြီး ပြိုင်ပွဲဝင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ ဇွဲ၊လုံ့လ၊ ဝီရိယရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ် ရှိပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့ကျင့်ကောင်းများ၊ စိတ်ဓာတ်ကောင်းများနဲ့ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး အခြေခံပညာကျောင်းအားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွါခဲ့သည်။ ထို့နောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမှ ကျောင်းသား ၊ ကျောင်းသူများက ကိုယ်ကာယကြံ့ခိုင်မှုအတွဲအမှတ် (၃)၊ (၄)နှင့် Physical Fitness Exercise (PE -22) ကကွက်များဖြင့် သရုပ်ပြဖျော်ဖြေခြင်း၊ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများမှ အေရိုးဗစ်အကဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ဘောလုံးအားကစား ယှဉ်ပြိုင်နေမှုအားကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သဲဖြူဆရာတော်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုနှင့် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သွားနှင့် ခံတွင်းအထူးကုဆေးရုံကြီး၌ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါထူးကု‌ ဆေးရုံကြီးမှ ပါမောက္ခ (မျက်စိ) နှင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ အခမဲ့မျက်စိခွဲစိတ်ကုသမှုပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူများအား နေကာမျက်မှန်၊ ပါဝါမျက်မှန်များနှင့် အာဟာရဖြစ်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဆေးရုံအစည်းအဝေးခန်းမတွင် အခမဲ့မျက်စိခွဲစိတ်ကုသလှူဒါန်းမှုအတွက် တရားနာရေစက်ချအလှူ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)