တပ်ကုန်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်ကျင်းပသည့်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၇ရက် မွန်းလွဲ ၁နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီနိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ ဆွေးနွေးပြောကြားခဲ့ပြီးနောက် တပ်ကုန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ညီညီထွန်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ရွှေစင်မင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်တို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆိုင်ရာများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှု၊ပြစ်ဒဏ်ဥပဒေဆိုင်ရာများ အသီးသီးရှင်းလင်းဟောပြောခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအုပ်ဆရာမကြီးအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်