လယ်ဝေး စက်တင်ဘာ ၁၈
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်များ စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းများ စနစ်တကျဆောင်ရွက်ရေး၊ သဘာဝမြေဆွေးမြေဩဇာများ ပြုလုပ်အသုံးပြုရေး၊ ကျောင်းသားကျောင်းသူများ အပြည့်အဝ တန်းစဥ်ကူးပြောင်း ပညာသင်ကြားနိုင်စေရေး၊ ကူးစက်ရောဂါများကာကွယ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသည့်ပြည်သူတိုင်း မဲပေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတင်ပြသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ် ပန်းတင်ကျေးရွာအနီးရှိ ဦးရဲမြင့်ထွန်း၏ ငါးနှစ်သားသက်တမ်းရှိ သရက်ခြံ တစ်ဧကနှင့် ဦးဇေယျာစိုး၏ သရက်ခြံ ၅ ဧကတွင်မြေနိမ့်ကော်ဖီပင်များစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် အားကစားသင်ကြားမှု၊ လေ့ကျင့်ရန်၊ ပြိုင်ပွဲများကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက်ရန်နှင့် အားကစားကွင်းပတ်လည်တွင် အရိပ်ရလေကာပင်များ စိုက်ပျိုးရန်တို့ကို မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)