မိတ္ထီလာ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် စိုက်ပျိုးရေးသွင်းအားစုများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းကမ်းနှင့်အညီ ရောင်းချရေး နည်းပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်စန္ဒာလင်းက စိုက်ပျိုးရေးသွင်းအားစုများအား ရောင်းချရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းနှင့်အညီ ရောင်းချရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ စံချိန်စံညွှန်း ပြည့်မီသော ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေး၊ မျိုးစေ့များကိုသာ ရောင်းချရန်၊ ပိုးသတ်ဆေး ရောင်းချသူသည် CPA လက်မှတ်ရရှိထားရန်၊ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး ရောင်းချသူ များကလည်း ဝယ်ယူသူကို ရှင်းလင်းဆွေးနွေးရန်၊ လိုင်စင်အချိန်မီသက်တမ်းတိုးရန်၊ အဆိပ်ရှိပစ္စည်းများအား စနစ်တကျစွန့်ပစ်ရန်နှင့် ဥပဒေများနှင့် ထိန်းကျောင်းထားသည်များကို စည်းကမ်းတကျလိုက်နာရန်၊ ဆိုင်အမှတ်တံဆိပ်ပါသော ပြေစာဖြင့် ရောင်းချရန်ပြောကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဇော်မင်းက ခရိုင်အတွင်း စိုက်ပျိုးရေးဆေးဆိုင်များ၊ ဓာတ်မြေဩဇာ၊ မျိုးစေ့အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုအခြေအနေများနှင့် အရည်အသွေး၊ ဈေးနှုန်းကိုလည်း သတ်မှတ်ထားသည်နှင့်အညီ ရောင်းချရေး၊ တားမြစ်ထားသည်များအား မပြုလုပ်ရန်ဆွေးနွေးသည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက ဓာတ်မြေသြဇာစျေးနှုန်းများ သတ်မှတ်ထားရှိမှု အခြေအနေများအား ရည်ညွှန်းဈေး၊ သတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်များရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းထက်က ပိုးသတ်ဆေးဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာများ၊ တိုင်းမြေ အသုံးချရေးတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းချိုက မြေသြဇာဥပဒေ၊ လုပ်ထုံးလုပ် နည်းဆိုင်ရာများနှင့် တိုင်းမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသွင်က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆောင်ရွက်သည့် လမ်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ ခရိုင်ဦးစီးမှူးများ၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊ စိုက်ပျိုးရေး သွင်းအားစုများ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ရောင်းချလျက်ရှိ သည့်ဆိုင်ရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)