မဟာအောင်မြေ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းကို နေ့ စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းရီက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များအနေဖြင့် အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် ရရှိသည့်ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းနုအေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ Grade-10 ကျောင်းသား မောင်ဇွဲအောင်လွင် လူငယ်နှင့် ငြိမ်းချမ်းက ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အောင်နေလင်းက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 ကျောင်းသူ မစံပယ်လွင်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဖူးမြတ်သွယ်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသား မောင်ပြည့်စုံက လူငယ်နှင့်သိပ္ပံနည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူမှလည်း မေးမြန်းသည့်အချက်များကို ပိုမိုပြည့်စုံရန် ပြည်လည်ဖြည့်စွက် ဖြေကြားဆွေးနွေးပေးခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်ပြဘုတ်များနှင့်သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း