ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနား တက်ရောက်

စစ်တွေ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ကြည့်ရှုပြီး  စစ်တွေမြို့ သန့်ရှင်းသာယာလှပရေး အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို သွားရောက်ကြည့်ရှုကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ် တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များမှ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးရန် ရောက်ရှိလာကြသော ပြည်သူအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့်လက်တွေ့သရုပ်ပြမဲပေးခြင်းကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းခွဲ၍ တစ်ရက်လျှင် လူဦးရေ (၈၀၀) ဦးတို့အား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အကြောင်း ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ လုပ်ကွက် အမှတ်(၂)၊ မောလိပ်ရပ်ကွက်၊ ကျောင်းကြီးလမ်းနှင့် ဗောထီးလမ်း၌ အထူးသန့်ရှင်းရေးအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် အထူး သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗောထီးလမ်း၊ အောင်ထွန်းဦးလမ်း ကျောင်းကြီးလမ်းနှင့် ရေတွင်းလမ်းတို့တွင် သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ အထူးသန့်ရှင်းရေးဆောင်ရွက်ရာတွင် အဆိုပါလမ်းများ၏ လမ်းဘေးဝဲယာရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင်လည်း ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာမြို့နယ်ခန်းမများ၌ ဆောင်ရွက်ကြသည်။ ကျောက်ဖြူမြို့၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်း သပ်မဲပေးမှု သရုပ်ပြခြင်းကို ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင်ပြုလုပ်ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ကြည့်ရှုကြသည်။

ဦးစွာ ရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်နိုင်က မဲပေးစက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) စက်ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ကြပြီး ထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရလဒ်ထုတ်ပြန်ခြင်း များဆောင်ရွက်ခဲ့သည်။ ကျောက်ဖြူမြို့တွင် မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြပွဲသို့ပြည်သူ (၁၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မာန်အောင်မြို့နယ်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို မာန်အောင်မြို့နယ်ခန်းမ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စက်ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ကြပြီး ထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရလဒ်ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့သည်။ မာန်အောင်မြို့နယ်တွင် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြပွဲသို့ ပြည်သူ (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)