မြောက်ဥက္ကလာပ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများ ဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန် ကျောက်ရေတွင်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်းရှိ ပညာလင်္ကါရမဏ္ဍိုင် ဘုန်းကြီးသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အမှာစကားပြောကြားပြီး မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်ဝင်းမင်းမော်က အားကစားနှင့်လူငယ်ရေးရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမား ဒေါ်မီမီကျော်နိုင်က အားကစားနှင့် ပတ်သတ်သည့် အသိပညာဗဟုသုတ အကြောင်းအရာဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (တာ၀န်ခံ)ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများစသည့်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦးက အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းရာ ကျောင်းတာ၀န်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး ပညာလင်္ကာရမဏ္ဍိုင်ဘုန်းကြီးသင်ကျောင်းတိုက် ဆရာတော်ကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ပညာလင်္ကာရမဏ္ဍိုင်ဘုန်းကြီးသင်ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ရာ တာ၀န်ရှိသူတစ်ဦးက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် ဗီနိုင်း၊ ပိုစတာများ၊ သုတ ရသစာအုပ်စာစောင်များအား ပညာလင်္ကာရမဏ္ဍိုင်ဘုန်းကြီးသင်ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)