မဟာအောင်မြေ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ၈၅လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြားတွင် ရောင်းချပေးခဲ့သည်။
အဆိုပါ ဆက်လက်သက်သာဈေးရောင်းချမည့် အစီအစဉ်များတွင်စက်တင်ဘာ (၁၇) ရက်တွင် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ၈၅လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြားနှင့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၁၁၈လမ်း၊ ၄၆လမ်းနှင့် ၄၇လမ်း ကြားတို့တွင်လည်းကောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၁၁၇လမ်း၊ ၅၉လမ်းနှင့် လမ်း ၆၀ ကြားတွင်လည်းကောင်း၊ စက်တင်ဘာ ၁၉ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်၊ ၂၇ လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားနှင့် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ အမှိုက်စုတောင်ရပ်၊ မယ်ဇယ်တန်းအနီးတို့တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့တိုက်ရိုက်ရောင်းချနေမှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများ၊ ဈေးနှင့်သားသတ်ဌာနဌာနမှူး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း