ချမ်းမြသာစည် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို (၆၁) လမ်းနှင့် စိန်ပန်းလမ်းထောင့်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမားပပျောက်စေရေးနှင့် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးဆိုးကျိုးများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသပေးခြင်းနှင့်အတူ သုတ/ရသ စာအုပ် (၁၂၄) အုပ်ကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့(ချမ်း/စည်)