ချမ်းအေးသာစံ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါပြီး စက်တင်ဘာ (၁၆) ရက် မွန်းလွဲပိုင်းက သုမင်္ဂလာဈေး (ညံတောဈေး) တည်ဆောက်ရေးစီမံကိန်းနှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေ မြှင့်တင်ခြင်းလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းရာ၌ ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး(ညံတောဈေး) ခြောက်ထပ်အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများကတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး စီမံကိန်းအတွင်း ကြည့်ရှုသည်။
ယင်းနောက် ပြင်ဦးလွင်ဒေသ သောက်သုံးရေဖူလုံစွာရရှိရေး ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေမြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် နောင်ခမ်းကြီးရပ်ကွက်အနီး ဆင်လမ်းရေလှောင်တမံသို့ ရောက်ရှိပြီး ပြင်ဦးလွင်မြို့တွင် နေထိုင်လူဦးရေတိုးပွားလာမှုအတွက် ရေပိုမိုပေးဝေနိုင်ရန် ဆင်လမ်းဆည်အား ယခင် ကန်ရေပြည့်ရေမှတ် ၃၇၂၆ ပေ မှ ယခု ၃၇၂၈ပေ အထိ နှစ်ပေတိုးမြှင့် ရေသိုလှောင်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ရေတံခါးအရွယ်အစား ၁၇ပေ x ၂ပေ (၄ချပ်) တပ်ဆင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ဆင်လမ်းတမံအတွင်း ရေဝင်ရောက်မှုနှင့် သောက်သုံးရေပေးဝေနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး အလေးထားကာ ဆောင်ရွက်သွားရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်း အနီးစခန်းဘူတာလမ်းခွဲအနီးရှိ ဒေသထွက်ကုန်ပစ္စည်းအရောင်ဆိုင်တန်းများအား စနစ်တကျဖြစ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် အနီးစခန်း ဈေးတန်းဈေးဆိုင်ခန်းများတွင် ဈေးသူဈေးသားများ ဒေသထွက်ကုန်များ ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်