ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး  အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရဲသူက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်ပြင်ပဗဟုသုများရရှိရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ဟောပြောပွဲမှရရှိလာသည့် ဗဟုသုတများကို မှတ်သား၍ ကြီးပြင်းလာသည့်အခါ ကောင်းစွာအသုံးချပြီး ထူးချွန်အောင်မြင်သူများဖြစ်အောင် ကြိုးစားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူများနှင့်ကျန်းမာရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းများ ဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိရေး စာအုပ်ပြပွဲပြုလုပ်ခဲ့ပြီး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းတွင် အမှတ်(၁၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် အလားတူ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)