ချမ်းအေးသာစံ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများလိုက်ပါပြီး စက်တင်ဘာ၁၆ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဦးလွင်မြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပေးသည့် အမှိုက်ပုံး အရောင် ၄ မျိုးပါ အစုံ ၅၀ အား ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် အဖွဲ့အစည်းများထံသို့ ခွဲဝေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှိုက်ပုံးများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် လူတစ်ဦးချင်းစီမှ ထွက်ရှိသော အမှိုက်ပမာဏ အမှိုက်လျှော့ချနိုင်ရန်၊ အမှိုက်ခွဲခြားစွန့်ပစ်မှုနှင့် ပြည်သူလူထုအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိစေပြီး အနာဂတ်မျိုးဆက်သစ်များအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်အား လက်ဆင့်ကမ်းပေးနိုင်စေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်နိုင်သည့် အမှိုက်ပုံးများထားရှိသွားရန်နှင့် စည်ပင်သာယာရေးအဖွဲ့များမှလည်းစွန့်ပစ် အမှိုက်များကို ခွဲခြားသိမ်းဆည်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြင်ဦးလွင်မြို့အား အစဉ်အမြဲ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများတွင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းအား အမှိုက်စိုများကို အမှိုက်ပုံး အစိမ်းရောင်၊ အမှိုက်ခြောက်များကို အမှိုက်ပုံးအဝါရောင်၊ ပလတ်စတစ် အမှိုက်များကို အမှိုက်ပုံးအပြာရောင်နှင့် ဘေးအန္တရာယ်ရှိအမှိုက်များကို အမှိုက်ပုံးအနီရောင်တို့ဖြင့် ခွဲခြားသတ်မှတ်စွန့်ပစ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ ရုံးများ၊ အခြေခံပညာကျောင်းများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများထံသို့ အမှိုက်ပုံးများကို ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်